မတည်မြဲသော သင်္ခါရ လောကကြီးရဲ့ အလယ်မှာ လှုပ်ရှားသွားလာ နေထိုင် ကြတဲ့
လူသားတွေဟာ အချိန်ကာလ အထဲက အကျဉ်းသားတွေပဲ မဟုတ် ပါလား။
မွေးဖွားခြင်းမှတ်တိုင်ကနေ ခရီးနှင်လာကြတဲ့ ဘဝခရီးသည် လူသားတွေဟာ ဘဝမှာ
ကြိုးစား ရုန်းကန်ရင်း ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာဟာဖြင့် ကိုယ့်ရဲ့
ခရီးဆုံး မှတ်တိုင် ဖြစ်မယ်ဆိုတာကိုတော့ ဘယ်သူမှ မှန်းဆလို့ မရသလို
ဘယ်သူမှ သတ်မှတ်လို့လည်း မရပါဘူး။
ဒီမှတ်တိုင် နှစ်ခုကြားက တဒင်္ဂအချိန် ကလေးမှာ လုံလောက်ပြည့်စုံတဲ့
ကောင်းမှုကုသိုလ်ကို လက်ဝယ်ဆောင် ထားနိုင်မှသာ လောကီ၊ လောကုတ္တရာ အရေး
စိတ်အေးကြရမယ်မဟုတ်ပါလား။
ဒါ့ကြောင့်လည်း လူတိုင်းဟာ ကုသိုလ်ကို တတ်နိုင်သမျှရတဲ့ အချိန် ရတဲ့
အခွင့်အရေးလေးမှာ ပြုနေကြရ တယ် မဟုတ်ပါလား၊ ဒါပေမဲ့ ဘယ်ကုသိုလ် ကတော့
လုံလောက်သွားပြီ၊ ပြည့်စုံသွားပြီ ရယ်လို့ ရှိပါ့မလား။ အကယ်၍များ
သင့်အတွက် လုံလောက်ပြည့်စုံတဲ့ ကုသိုလ်သာရှိခဲ့ရင် အဲ့ဒီကုသိုလ်ဟာ
သင့်အတွက် အမြတ်ဆုံးသော ကုသိုလ် ပင်ဖြစ်နေမှာပါ။
အကုသိုလ်ကပထမ
လူ့ရဲ့ဘဝအစမှာ အကုသိုလ် အရင် ဖြစ်သလား၊ ကုသိုလ်အရင် ဖြစ်သလား ဆိုတာ
မိတ်ဆွေစဉ်းစားမိပါသလား။ တကယ်တော့ ကလေးတစ်ယောက် မွေးလာကတည်းက
ငိြုွေကးခြင်းနဲ့ ဖြစ်ခဲ့တဲ့ဒေါသ၊နို့ကိုအငမ်းမရ သောက်တတ်တဲ့လောဘတွေကို
ကြည့် ရင် အကုသိုလ်ဟာ မွေးမွေးခြင်း ဖြစ်နေ ပါပြီ။ကိလေသာတဏှာ ရောယှက်ပြီး
မွေးဖွားလာကြတဲ့ပုထုဇဉ် လူသား တွေဟာအပြစ်အကုသိုလ်ကို လုပ်တတ်
တဲ့သဘောသဘာဝတွေဟာ မမွေးခင်က တည်းကပါလာပြီးသားပါ။
ဒါ့ကြောင့် မိတ်ဆွေဟာ အကုသိုလ် တစ်ခုခုလုပ်လိုက်လို့ အပြစ်ရှိလာတာ
မဟုတ်ဘဲ၊ မိတ်ဆွေကိုယ်တိုင်ဟာ အကုသိုလ်သား ( အပြစ်သား ) ဖြစ်နေလို့
အပြစ်ကို သင်စရာမလို တိုက်တွန်းစရာမလိုဘဲ လုပ်ဖြစ်နေ တာပါ။ အမြင်သာဆုံး
ပြောရရင် သင်ဟာ ဒေါသ ဆိုတာ ဘာမှန်းမသိခင် ဒေါသထွက်ပြီးသားပါ၊ လောဘဆိုတာ
ဘာမှန်းမသိခင်လောဘ တက်ပြီးသားပါ၊ အတ္တ ဆိုတာ ဘာမှန်း မသိခင် အတ္တ
သဘောတွေဟာကလေးဘဝမှာ ကတည်းက ထင်ရှားနေပါပြီ။
သင်ဟာ လူတစ်ယောက်အပေါ်မှာ စိတ်ကောင်းထားခဲ့တယ်ပဲ ဆိုပါစို့၊ တစ်နေ့
သင်အကူအညီ တစ်ခုလောက် တောင်းတဲ့ အချိန် သူမပေးနိုင်ရင်တော့ သူ့အပေါ်
ကောင်းခဲ့တဲ့ စိတ်ထားတွေဟာ ဒေါသ အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သင်ဟာ
ရိုးသားမှုနဲ့ ကြိုးစားပြီး အလုပ်တစ်ခုကို လုပ်တယ်ဆိုပါစို့၊ သင်ဟာ
မဟုတ်မမှန် အပြောခံရတဲ့အခါ သင့်ရဲ့ ရိုးသားမှုအထဲက မာနနဲ့
ပြောတဲ့သူအပေါ်မှာ မကျေမနပ် ဒေါသ တွေဟာ သင့်အထဲက ပေါက်ဖွား လာပါလိမ့်မယ်။
ဒါတွေဟာ သင့်ရဲ့လုပ်ခြင်းကနေ ထွက်လာတဲ့အရာမဟုတ်ဘဲ၊ အတွင်းသဏ္ဍာန်ရဲ့
အကုသိုလ်သား (အပြစ်သား) ဖြစ်ခြင်းကနေ ထွက်ပေါ် လာတဲ့အရာတွေပါ။ ဒီအရာတွေကို
ဖုံးဖိထားရင်လည်း တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြန်ပေါ်ထွက်လာဦးမှာပါ၊
ဒါ့ကြောင့် သမ္မာကျမ်းစာက လူဟာ အပြစ်သားဆိုတာကို မီးမောင်း ထိုးပြထားတာပါ။
ကုသိုလ်ကဒုတိယ
လောကမှာရှိတဲ့ လူသားတိုင်းဟာ အပြစ်အကုသိုလ်နဲ့ မကင်းသလို အပြစ် ရှိသော
လူသားတိုင်း ဒီအပြစ်မှ ရုန်းထွက် ချင်ကြတာ ဓမ္မတာပဲ မဟုတ်ပါလား။
အကုသိုလ်သား သဘာဝနဲ့ မွေးဖွား လာကြတဲ့ လူသားတွေဟာ အကုသိုလ်ကို
သင်စရာမလို၊ တိုက်တွန်းစာ မလိုဘဲ အလိုလိုဖြစ်နေတာမဆန်းပါဘူး၊ ဒါပေမဲ့
ကုသိုလ်ကျတော့ အလိုလိုမဖြစ်ဘဲ အမြဲသင်ပြပေးနေရတယ်၊ တိုက်တွန်း
ပေးနေရတယ်ဆိုတာ လူဟာ ကုသိုလ်သား သဘာဝမဟုတ်လို့ပါပဲ။
သင်ဟာ လူမှန်းသူမှန်း သိလာခဲ့တဲ့ အချိန်ကျမှ အကုသိုလ်သား (အပြစ်သား)
သဘာဝကို ရုန်းကန်ပြီး ကုသိုလ်ကို စလုပ်နိုင်ပေမဲ့ အကုသိုလ်ကတော့
နှစ်နှင့်ချီဖြစ်နေပြီးသား မဟုတ်ပါလား။ အခုလည်း သင့်ရဲ့မနောထဲမှာ မသိမသာ
ကိန်းအောင်းနေတဲ့ မနာလိုတတ်တဲ့အရာ၊ ငြူစူတတ်တဲ့အရာ၊ သူတစ်ပါးအပေါ်
အကောင်းမမြင်တတ်တဲ့အရာ၊ ကိုယ်ကိုယ် ကိုထောင်လွားတတ်တဲ့အရာ၊ ဒီအကုသိုလ်
သဘောတွေကို သင်ရပ်လိုက် နိုင်ပါ့မလား။ အတိတ်က ဖြစ်ခဲ့တဲ့ အကုသိုလ်ြွေကး
ကိုဆပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခု ဖြစ်နေတဲ့ အကုသိုလ်ြွေကးက
ထပ်ပြီးပိ နေဦးမယ်ဆိုရင် သင်ရုန်းထွက်နိုင်ဖို့ ပိုဝေးသွားပါလိမ့်မယ်။
ရေမကူးတတ်တဲ့ လူတစ်ယောက်ဟာ ရေထဲကိုကျရင် ရေနစ်မှာသေချာပါတယ်။
အဲ့ဒီအချိန်ကျမှ ရေကူးနည်း သင်မယ် ဆိုရင်တော့ မဖြစ်နိုင်တော့ပါဘူး။ သူဟာ
ခြေကုန်လက်ပန်းကျပြီး နစ်မြုပ် ရုံကလွဲလို့ သင်ဘာတတ်နိုင်ဦးမှာလဲ။
ဒီလိုပါပဲ အပြစ် အကုသိုလ်ကို အရင်ပြုခဲ့ ပြီးမှကုသိုလ်က နောက်မှလိုက်ရင်
အရမ်းကို အချိန်နှောင်းသွားပါပြီ။
ပိုလီယိုဖြစ်နေသူတစ်ယောက်ဟာ ပိုလီယို ကာကွယ်ဆေးသောက်ရင် ခြေလက်တွေ
ပြန်ကောင်းလာနိုင်ပါ့မလား။ ဆေးစွမ်းကောင်းပေမဲ့ ပိုလီယိုဖြစ်နေတဲ့
ဘဝကိုတော့ ဘာမှ မပြောင်းလဲပေး နိုင်တော့ပါဘူး။ ဒီလိုပါပဲ အကုသိုလ်သား
ဖြစ်မှန်းမသိဖြစ်နေတဲ့ လူသားတွေဟာ ကုသိုလ်ကောင်းမှုနဲ့တော့ အကုသိုလ်သား
ဖြစ်ခြင်းကို မပြောင်းလဲနိုင်တော့ပါဘူး။
ကုသိုလ်ကောင်းမှုစင်ကြယ်သော်လည်း ကုသိုလ်ပြုသောသူ မစင်ကြယ်ပါ။
သမ္မာကျမ်းစာက အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူ
တစ်ယောက်မျှမရှိလို့ပြောပါတယ်။ ဥပမာသင်ဟာ လက်ဖက်သုတ် ကောင်းကောင်း
တစ်ပွဲကို စားဖို့ပြင်ဆင်တယ်ဆိုပါစို့၊ လက်ဖက်ကောင်းကောင်း၊ ပဲကြော်
ကျွတ်ကျွတ်၊ ဆီသန့်သန့်၊ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်၊ သံပုရာသီး
အရည်ရွှမ်းရွှမ်းနဲ့အကောင်းဆုံး သုတ်တယ် ဆိုပါစို့။
ဒါပေမဲ့ သုတ်တဲ့လက်ဟာ အနူလက် ဖြစ်နေရင်တော့ ဒီလက်ဖက်သုတ်ကို
စားမဲ့သူရှိပါ့မလား၊ လက်ဖက်သုတ်ရဲ့ အကောင်းတကာ့ အကောင်းဆုံးသော
အဆာပလာတွေကို နူနေတဲ့လက်က ညစ်ညမ်း သွားစေပါလိမ့်မယ်။ ဒီလိုပါပဲ
ကျွန်တော်တို့ရဲ့ ကောင်းသော ကုသိုလ်တွေ ကို အကုသိုလ်သား ဖြစ်ခြင်းကနေ
ပြုတာဖြစ်လို့ အကုသိုလ်ပါ ရောယှက် ပါဝင်နေပါလိမ့်မယ်။
လူပြုသောကုသိုလ်ကောင်းမှု
တို့သည်ဘုရားရှေ့တော်၌ ညစ်သော အဝတ်နဲ့ တူတယ်လို့ သမ္မာကျမ်းစာက
ဆိုပြန်ပါတယ်။ ဥပမာလူတစ်ယောက်က အင်မတန်မွန်မြတ်တဲ့ ကောင်းမှု ကုသိုလ်
တစ်ခုကို ပြုချင်တယ်ဆိုပါစို့၊ ဒီကုသိုလ် ဟာ သူတစ်ပါးရဲ့အသက်ကို ကယ်တင်
မယ့်သွေးလှူပါ၊ သင့်သွေးဖြင့် သူတစ်ပါး အသက်ကိုကယ်ပါဆိုတဲ့ ဆောင်ပုဒ်လေး
အတိုင်း သူဟာသွေးလှူတဲ့နေရာကို သွားခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ကြည်နူးမှု
တွေမှုအဖုံဖုံ၊ စိတ်ကူးယဉ် မှုတွေနဲ့ မွန်မြတ်လှတဲ့ ကုသိုလ်ကို သူပြုနိုင်
တော့မှာပဲလို့ထင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ကုသိုလ်ပြုခြင်းကို သွေးလှူဘဏ်က
လုံးဝလက်မခံနိုင်ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ သွေးထဲမှာ HIV ဆိုတဲ့ ဗိုင်းရပ်စ် ပါနေလို့ပါပဲ။
ဒီလိုပါပဲ လူတွေရဲ့အပြစ်သား ဖြစ်ခြင်းကနေပြုသမျှကုသိုလ် ကောင်းမှု တွေ
ဟာလည်း အပြစ်နဲ့ ရောယှက်ပြီး ခွဲထုတ်လို့ မရအောင်ဖြစ်နေလို့ပါ
ဘယ်ကုသိုလ်ကမှ စင်ကြယ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။
အမြတ်ဆုံးသောကုသိုလ်
ကျွန်တော်တို့အတွက် အဓိကကျတဲ့ ကုသိုလ်ဟာ စုံလင်ပြီး စင်ကြယ်တဲ့ကုသိုလ်၊
အကုသိုလ်ထက် အရင်နေရာကျသော ကုသိုလ်နဲ့ အာမခံချက်ပေးနိုင်တဲ့ ကုသိုလ်ပါပဲ။
အခုလက်ရှိဘဝရဲ့ ဆင်းရဲခြင်း ချမ်းသာခြင်း၊ ဂုဏ်အသရေရှိခြင်း မရှိခြင်းနဲ့
ဘဝအကျိုးပေး ကောင်းခြင်း မကောင်းခြင်းတို့ဟာ အတိတ်က အကြောင်းတရား အပေါ်မှာ
အမှီပြု နေတယ်မဟုတ်ပါလား။ အတိတ်က ပြုတဲ့ ကုသိုလ်အကြောင်းတရား ကောင်းလေလေ
ပစ္စုပ္ပန်မှာ အကျိုးထူး ခံစားရလေလေပဲ မဟုတ်ပါလား။
လက်ရှိဘဝ အစွမ်းကုန်ကြိုးစားပေမဲ့ ဖြစ်မလာတာ အတိတ်က ကုသိုလ် အကြောင်း
တရားမကောင်းလို့ပါ။ ဒါပေမဲ့ ဒီလိုပဲ သင့်ရဲ့ လက်ရှိဘဝကို အတိတ်ရဲ့
အကျဉ်းထောင်ထဲမှာပဲ နစ်မြုပ် လိုက်တော့ မှာလားဆိုတာ စဉ်စားစရာပါ၊ သင့်ရဲ့
အတိတ်က ပြုခဲ့တဲ့ကုသိုလ်ဟာ မစုံလင် လှသလို အခုပြုနေတဲ့ ကုသိုလ်ဟာလည်း
ဘယ်လောက်ထိအာမခံချက် ပေးနိုင်မှာလဲ၊ သင့်ရဲ့ ကုသိုလ်ကို အမှီပြုလို့
မရရင် ဘယ်ကုသိုလ်ကို အမှီပြုမလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်လာပါပြီ။
သင်ကဒီလိုထင်ကောင်းထင်မယ်၊ မိမိသာလျှင်မိမိကိုးကွယ်ရာ၊ ကိုယ်ကြိုးစား
ရင်ဘာမဆိုဖြစ်တယ်၊ ကိုယ်ထမင်း ကိုယ်စား၊ ကိုယ့်ခြေထောက်ကိုယ်ရပ်၊
ကိုယ့်ဦးနှောက်ကိုယ်သုံးပြီးလုပ်ရင် မဖြစ်နိုင်တာ မရှိပါဘူး၊
မဖြစ်သေးတာပဲ ရှိမယ်လို့ပြောချင်ပြောမယ်။
ဒါဆိုရင် သင်မွေးလာခဲ့တုန်းက ထမင်းမစားခင်ဘယ်သူက နို့တိုက်ခဲ့ရ ပါသလဲ၊
ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်နိုင်ခင်တုန်းက ဘယ်သူက ပွေ့ချီ ခဲ့ပါသလဲ၊
ကိုယ့်ဦးနှောက်ကို မသုံးခင် ဘယ်သူ့ဦးနှောက်နဲ့ ထိန်းကျောင်းခြင်း
ခံခဲ့ရပါသလဲ။ သေချာတာကတော့ သင့်ရဲ့ မိဘ၊ ဒါမှမဟုတ် သင့်ရဲ့ အုပ်ထိန်းသူ
တစ်ယောက်ယောက်ရဲ့ မေတ္တာနဲ့ ပေးဆပ်ခြင်းအပေါ်မှာ အမှီပြုခဲ့ရတယ်
မဟုတ်ပါလား။ သင်ဟာ ဘဝရဲ့ အစမှာ တစ်စုံတစ်ဦးရဲ့ မေတ္တာနဲ့ ပေးဆပ်ခြင်း
အပေါ်မှာ အမှီပြုပြီးမှပဲ အသက်ရှင်ခဲ့ ရတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါ့ကြောင့် ကိုယ့်ရဲ့ကြိုးစားခြင်း လုပ်ဆောင်ခဲ့တဲ့ ကုသိုလ်ဟာ ကိုယ့်
အတွက် အကျိုးမပေးနိုင်တာ သေချာရင် အဖြေရှာရမှာက ဘယ်သူ့ရဲ့ မေတ္တာနဲ့
ပေးဆပ်ခဲ့တဲ့ ကုသိုလ် အပေါ်မှာ အမှီပြုရမလဲဆိုတာပါပဲ။
တကယ်တော့ သခင်ယေရှုဘုရားရဲ့ ကြီးမားတဲ့မေတ္တာနဲ့ သင့်အတွက် ပေးဆပ် ခဲ့တဲ့
ကုသိုလ်ဟာ သင့်အတွက် အဆင်သင့် ရှိနေပြီးပါပြီ။ ယနေ့ လူသားတွေပြုတဲ့
ကုသိုလ်ကတော့ မစင်ကြယ်၊ မလုံလောက် လို့ အာမခံချက်မရှိလှပါဘူး။ သခင်
ယေရှုရဲ့ ကုသိုလ်ကတော့ အပြစ်နဲ့ ကင်းစင်ပြီး ကိုယ်ကျိုးမဖက်တဲ့ ပရကုသိုလ်၊
တစ်ကြိမ်တည်းနဲ့ ထာဝရ အတွက်ပြုသော ကုသိုလ်ဖြစ်တယ်။ သစ္စာသက်သက်မဟုတ်၊
မေတ္တာပါဖက်လို့ သွေးနဲ့ရင်းပြီး ဘုရားအသက်ကို စတေးကာ ပေးလှူတဲ့
ကုသိုလ်ဖြစ်လို့ ဒီကုသိုလ်ဟာ အမြတ်ဆုံးသော ကုသိုလ် ပါပဲ။
သခင်ယေရှုက သင့်အတွက် အတိတ်မှာ ပြုခဲ့တဲ့ အမြတ်ဆုံးသော ကုသိုလ်ဟာ
ကြီးမြတ်လွန်းလို့ သင့်ရဲ့ လက်ရှိဘဝမှာ အကုသိုလ်သားဖြစ်ပြီး မကောင်းတာကို
လုပ်မိနေတာတောင်သူရဲ့ ကုသိုလ်က ခြေဖျက်ပြီးသား ဖြစ်နေတယ်။ သင့်ရဲ့
အကုသိုလ်ထက်အရင် ယေရှုရဲ့ ကုသိုလ်ဟာ နေရာကျထားပြီးသားပါ။
သင့်ရဲ့ အကုသိုလ် တစ်ခုစီတိုင်းကို ယေရှုရဲ့ ကုသိုလ်က တစ်ခုမကျန်
ခြေဖျက်ပေးပါတယ်။ ဒါဟာ တကယ့်ကို အံ့ဩစရာပါပဲ။ သင့်ရဲ့ အကုသိုလ် အကျိုးဆက်
ကို ဘုရားရဲ့ ကုသိုလ် အကျိုးမြတ်က သယ်ဆောင်သွားပြီးမို့ သင်ဟာ
အပါယ်တံခါးပိတ်လို့ အကျွတ် တရားလမ်းကို သခင်ယေရှုနဲ့ အတူတူ
ခံစားနိုင်ပါပြီ။
သခင်ယေရှုရဲ့ အမြတ်ဆုံးသော ကုသိုလ်အပေါ် အမှီပြုယုံကြည်ခြင်း အားဖြင့်
သင့်ရဲ့ တမလွန်အရေး စိတ်အေးရုံသာမက လောကီအရေး မှာလည်း
အကျိုးထူးပေးခြင်းကို အပြည့်အဝ ရယူခံစားနိုင်ပါတယ် မိတ်ဆွေ။
Saya Zaw Ko Maing
No comments:
Post a Comment